သမ္မတ ဦးသိန်းစိန်ကို ယခုလို ကျွန်တော် ပြောချင်ပါသည်
(ဘုန်းစည်သူ)
ယခု တလော မြန်မာ သတင်းစာများတွင် ကျဉ်းမြောင်းသော လူမျိုးစွဲ ၀ါဒ၊
ဒေသစွဲဝါဒ စကားလုံးကို အဖန်ဖန် အလဲလဲ ထပ်ခါထပ်ခါ တွေ့နေရသည်။ နိုင်ငံတော်
သမ္မတကြီး ဦးသိန်းစိန်၏ ဇူလိုင်လ ၂၉ ရက်နှင့် ၃၀ ရက်များတွင် ပြုလုပ်ခဲ့သော
ရခိုင် ခရီးစဉ်တွင် ထို လူမျိုးစွဲ ၀ါဒ၊ ဒေသစွဲ ၀ါဒ စကားလုံးကို
ရခိုင်ပြည်သူများနှင့် တွေ့ဆုံရာတွင် ထပ်ခါ တလဲ လဲ ပြောဆို သုံးစွဲခဲ့ပြီး
လူမျိုးစွဲ ၀ါဒ၊ ဒေသစွဲ ၀ါဒကို မထားကြရန် ဆော်သြခဲ့သည်ကို တွေ့ရသည်။ အဆိုပါ
စကားလုံးများကိုပင် အစိုးရထုတ် သတင်းစာများက စာလုံး အမဲများဖြင့်
Highlight လုပ်ကာ ဖေါ်ပြကြသည်။ ၎င်းအပြင် သြဂတ်စ်လ ၂ ရက်နေ့က
ထုတ်ဝေသော အစိုးရပိုင် ကြေးမုံ သတင်းစာ အယ် ဒီတာ အာဘော်ကလည်း
ရခိုင်ရေဘေးအကြောင်းကို ရေးသယောင်ယောင်ဖြင့် ရခိုင် လူမျိုးတို့အား
လူမျိုးစွဲ ဒေသစွဲ ပြင်းထန်သည်ဟု စွပ်စွဲကာ လူမျိုးစွဲ ၀ါဒ၊ ဒေသစွဲ ၀ါဒ
မထားရန် အယ်ဒီတာ့ အာဘော်မှ တဆင့် တိုက်တွန်း ရေးသားထားကို တွေ့ရသည်။
၎င်းပြင် သမ္မတကြီး ဦးသိန်းစိန်က ရေဘေး အကူအညီ အတွက် ရခိုင်သို့ လာရောက်စဉ်
ဂွ၊ တောင်ကုတ်၊ မင်းပြား၊ စစ်တွေ စသည့်မြို့ များတွင်
ရခိုင်ပြည်သူများနှင့် တွေ့ဆုံစဉ် အောက်ပါ အတိုင်း ပြောကြားခဲ့ကြောင်း
သတင်းစာများက ဖေါ်ပြသည်။
� မိမိတို့နိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်း ၁၀၀ ကျော် ဥမကွဲ
သိုက်မပျက် အတူတကွ လက်တွဲ နေထိုင်လာခဲ့ကြကြောင်း၊ ကျဉ်းမြောင်းသည့်
လူမျိုးစွဲ ၀ါဒ၊ ဒေသစွဲ ၀ါဒများ ထားရှိရန် မသင့်ကြောင်း၊ တိုင်းရင်းသား
အချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်းနေထိုင်မှသာ
မိမိတို့နိုင်ငံ အဓွန့်ရှည် တည်တံ့နေမည် ဖြစ်ကြောင်း၊ အတိတ်က ဖြစ်ရပ်များ
အပေါ် သင်ခန်းစာ ယူ၍ တိုင်းရင်းသား အချင်းချင်း ပြည်ထောင်စု စိတ်ဓါတ်
အရင်းခံကာ စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ် နေထိုင်ကြရန် လိုကြောင်း။�
သူတို့ ပြောဆို ရေးသားချက်များ အားလုံးကို ပေါင်းခြုံ သုံးသပ် ပြောဆိုရသော်
ရခိုင်တို့သည့် လူမျိုးစွဲ၊ ဒေသစွဲ ပြင်းထန်သည်။ သို့အတွက် ယခု
ခေတ်အခါတွင် လူမျိုးစွဲ ဒေသစွဲ ထားရန် မသင့်တော့၊ ပြည်ထောင်စု စိတ်ဓါတ်
ထားရှိရန် ဆိုလိုသည့် အနှစ်ချုပ် ဖြစ်သည်။
သမ္မတကြီး ဦးသိန်းစိန်သည် တိုင်းပြည် အစိုးရကို ဦးဆောင်နေသော နိုင်ငံ
ခေါင်းဆောင် တစ်ဦး ဖြစ်ပါလျက် သူများ မျက်ချေးတော့ မြင်သည်။
ကိုယ့်မျက်ချေးကျတော့ မမြင်ဆိုသကဲ့သို့ ဖြစ်နေသည်။ လူများ အပြစ်ကျတော့
မြင်သည်။ ကိုယ့်အပြစ်ကျတော့ မမြင် ဖြစ်နေသည်။ ရခိုင်လူများကို ကျတော့
ကျဉ်းမြောင်းသော လူမျိုးစွဲ ဒေသစွဲ ရှိသည်ဟု မြင်ပြီး မိမိတို့က မဟာ ဗမာ
လူမျိုးကြီး ၀ါဒကျင့်သုံးပြီး တခြား လူမျိုးငယ်များကို ဖိနှိပ်
နေသည်ကိုကျတော့ မမြင် ဖြစ်နေသည်။ အမှန် စင်စစ် ရခိုင်အမျိုးသားများ၌
ဖြစ်ပေါ်နေသော ကျဉ်းမြောင်းသော လူမျိုးစွဲ ၀ါဒသည် အုပ်ချုပ်သူများက မဟာ ဗမာ
လူမျိုးကြီး ၀ါဒဖြင့်
တိုင်းပြည်ကို ဖိနှိပ် အုပ်ချုပ်နေရာမှ ပေါ်ပေါက်လာသော အကျိုးဆက် ဖြစ်သည်။
နေရာတိုင်းတွင် ဗမာမှ ဗမာ၊ ငါတို့ ဗမာသည်သာ တိုင်းပြည်၏ အရှင်သခင် တခြား
လူမျိုးများမှာ ငါတို့ လက်အောက်ခံ၊ ငါတို့ လုပ်သမျှ ခေါင်ငုံ့ခံကြရမည်
ဆိုသည့် အတွေးအခေါ် သဘောတရားများကို လက်ကိုင်ထားပြီး တိုင်းပြည်ကို
အုပ်ချုပ်နေသဖြင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထိုသို့ စိတ်ဓါတ်ဖြင့် ဖိနှိပ်
အုပ်ချုပ်နေသမျှ ကာလပတ်လုံး ထို ကျဉ်းမြောင်းသော လူမျိုးရေး ၀ါဒများသည်
အဖိနှိပ်ခံ လူမျိုးများ အကြားတွင် ဆက်လက် ပေါ်ပေါက်နေမည် ဖြစ်သည်။
ရခိုင်လူမျိုးများ အနေဖြင့် ရာစုနှစ်ဖြင့်ချီ၍ ဗမာ အုပ်ချုပ်သူများ အပေါ်
နာကျည်းချက်များ ရှိနေသည်ကို ဗမာ အုပ်ချုပ်သူ ခေါင်းဆောင်များ သိရန်လိုသည်။
ယနေ့ ရခိုင်ပြည်နယ်တွင် နေထိုင်သူ မည်သူ့ကို မဆို သွားမေး ကြည့်ပါ။
နိုင်ငံရေးကို စိတ်မ၀င်စားသူ၊ နားမလည်သူ သာမန် လူပြိန်းများကိုပင်
ရခိုင်ပြည်နယ်တွင် ဗမာ အုပ်ချုပ်သူများက အနိုင်ကျင့် ဖိနှိပ်
အုပ်ချုပ်နေသည်မှာ မှန်ပါသလားဟု မေးလျှင် ဟုတ်မှန်ကြောင်း မဆိုင်း မတွ
ဖြေဆိုကြမည် ဖြစ်ပါသည်။ရခိုင်လူမျိုးများ အပေါ် ဗမာ များက အကြီးအကျယ်
အနိုင်ကျင့် နေကြသည်ဟု ပြောကြမည် ဖြစ်ပါသည်။ ဤသို့ အနိုင်ကျင့်နေကြောင်း
ပြောရသည်မှာ အလိုလို
လူမျိုး တမျိုးက အခြား လူမျိုး တမျိုးကို အသားလွတ် မုန်း၍ မဟုတ်သည်ကို
နားလည် သဘောပေါက် ကြရန် လိုပါသည်။ လက်ရှိ ရခိုင်ပြည်နယ်တွင် ဗမာ
အုပ်ချုပ်သူများက နည်းမျိုးစုံဖြင့် အနိုင်ကျင့်နေသည်ကို ကြောကော့အောင်
လက်တွေ့ ခံစားနေကြရ၍ ထိုသို့ ဖွင့်အံကြမည်သာ ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ယနေ့ အုပ်ချုပ်ရေး ပုံစံကို ကြည့်နိုင်ပါသည်။ ပြည်နယ်
အဆင့်မှ မြို့နယ် အဆင့်ထိ အာဏာ အရှိဆုံးနေရာများ၊ ၀င်ငွေ
အကောင်းဆုံးနေရာများကို ရရှိထားသူများမှာ ဗမာ အမျိုးသားများသာ ဖြစ်သည်။
ရခိုင်များမှာ စာရေး စာချီ လက်အောက်ငယ်သားများသာ ဖြစ်ကြသည်။ ပြောပိုင်ခွင့်
ဆိုပိုင်ခွင့် မရှိ။ ထားရာနေ စေရာသွား ဘ၀သာ ဖြစ်ကြသည်။ အင်္ဂလိပ်
နယ်ချဲ့ခေတ်က တိုင်းတပါးသား မျက်နာဖြူ နယ်ချဲ့များမှာ ရာထူး ရာခံ အကြီးအကဲ
နေရာများတွင် ရှိပြီး မြန်မာများမှာ မျက်နာငယ် စာရေးစာချီဘ၀တွင် ရှိခဲ့သော
အခြေအနေမျိုး ဖြစ်သည်။ ဒေသအတွင်း မည်သည့် အရေးကိစ္စမဆို
စီမံခန့်ခွဲနေသူများမှာ ဗမာ အုပ်ချုပ်သူ များသာ ဖြစ်သည်။ သူတို့ဆီက
ခွင့်ပြုချက် တစ်ခုခု မယူဘဲ လုပ်ကိုင်၍ မရ ဖြစ်နေကြရသည်။ အစိုးရ၊ ရုံး ၊
စာသင်ကျောင်းများတွင်လည်း ဗမာ စကားကိုသာ ပြောဆိုကြရသည်။
ရခိုင်အချင်းချင်းဖြစ်ပါလျှက် ရခိုင် စကားကို ပြောဆိုခွင့်မရ။
စာသင်ကျောင်းများတွင်လည်း ရခိုင်စကားကို ပြောခွင့်မရ။ ရခိုင်စာပေကို
သင်ကြားခွင့်မရ။ နောက်ဆုံး ကျောင်းသား အချင်းချင်း
ကျောင်းထဲတွင်ရခိုင်စကား ပြောဆိုခွင့် မရအောင်ထိ ပိတ်ပင်လာသည်။ ယခင်က
အစိုးရ စာသင်ကျောင်းများတွင် ရခိုင်စကားဖြင့် ပြောဆို
သင်ကြားခွင့်ရသော်လည်း ယခုအခါ မပြောဆိုရဟု အမိန့်ထုတ်လာသည်။ ရခိုင်ကလေးငယ်
တစ်ဦးအဖို့ အစိုးရ စာသင်ကျောင်းကို စရောက်သည်နှင့် ဗမာ စကား ဗမာ စာပေကို
သင်ကြားကြရသည်။ အလယ်တန်း အဆင့် အထက်တန်း အဆင့် တက္ကသိုလ် ကောလိပ် အဆင့်တွင်
ဗမာ စာပေကို သင်ကြား ကြရမည်ကို တစုံတရာ အတိုင်းအတာထိ လက်ခံ နိုင်သော်လည်း
မူလတန်းကျောင်းများတွင် မိမိစာပေ မိမိစကားဖြင့် သင်ကြားခွင့် မရကြသည် အပေါ်
လက်ခံနိုင်စရာ မရှိ။ တမင် သက်သက် လူမျိုးရေး အရ ချိုးနှိမ်ထားလိုသည့် သဘော
ဖြစ်သည်။ ကျောင်းသုံး စာအုပ်များတွင်လည်း ဗမာ လူမျိုးကို အထင်ကြီးအောင်၊
ဗမာ ယဉ်ကျေးမူကိုသာ မြတ်နိုးခုံမင်အောင်၊ ဗမာ သမိုင်းကို မိမိသမိုင်း အဖြစ်
လက်ခံလာအောင် ပြုလုပ် ဖေါ်ပြထားသည်။ ဤသည်မှာ ကလေးဘ၀ကတည်းက မိမိလူမျိုးထက်
ဗမာ လူမျိုးများကို အထင်ကြီးအောင် ဖန်တီးထားခြင်း ဖြစ်သည်။ ဤကဲ့သို့
ပြုလုပ် ထားခြင်းသည် မဟာဗမာ လူမျိုးကြီး ၀ါဒကို သွတ်သွင်ထားခြင်းသာ
ဖြစ်သည်။ ၎င်းပြင် ယဉ်ကျေးမူ နယ်ပယ်၌လည်း မိမိ ယဉ်ကျေးမူ ရိုးရာ
အစဉ်အလာများကိုသာ ဖေါ်ထုတ်ခွင့်မရဘဲ ဗမာ ယဉ်ကျေးမူ အနုပညာများကို မိမိတို့
ယဉ်ကျေးမူ သဖွယ် ဖေါ်ထုတ်နေကြရသည်။ � မြန်မာယဉ်ကျေးမူ ဆိုကရေးတီး�
ပြိုင်ပွဲများ ပြုလုပ်နေသည်ကို ကြည့်ပြီး သိနိုင်သည်။ ယနေ့ အချိန်ထိ
လူမျိုး တစ်မျိုး ဖြစ်ပါလျှက် မိမိရိုးရာ ယဉ်ကျေးမူ အမွေအနှစ်များကို
တရားဝင် ဖေါ်ထုတ်ခွင့်မရကြသည်မှာ အလွန်ဝမ်းနည်းဖွယ်ရာ ဖြစ်သည်။ ၎င်းအပြင်
ယဉ်ကျေးမူ အရ ၀ါးမျိုနိုင်ရန်လည်း နည်းမျိုးစုံဖြင့် ပြုလုပ် ထားသည်။
ရေဒီယို ရုပ်သံလိုင်းများကိုလည်း အားလုံး မောင်ပိုင် လုပ်ထားပြီး ဗမာ
သီချင်း၊ ဗမာ ပြဇာတ်၊ ဗမာရုပ်ရှင်ကားများကိုသာ ကြည့်နေကြရသည်။
ရုပ်သံလိုင်းများကို နယ်စွယ် နယ်ဖျားထိ ကြည့်ရှု့နိုင်အောင်
တာဝါတိုင်များကို မြန်မာပြည့်အနှံ့ထောင်ထားသည်ကို တွေ့မြင်နိုင်သည်။ တခြား
မည်သည့် စီမံကိန်းများတွင်မှ ယခုကဲ့သို့ အားကြိုး မာန်တက် လုပ်ကိုင်
ဆောင်ရွက် သည်ကို မတွေ့ရဘဲ ရုပ်မြင်သံကြားကို တနိုင်ငံလုံး
ကြည့်ရှု့နိုင်အောင် စီမံထားခြင်းသည် ဗမာ ယဉ်ကျေးမူ ဗမာ ရိုးရာ
အစဉ်အလာများကို တခြား လူမျိုးများကို သွတ်သွင်းရန် ရည်ရွယ်ချက်မှ အပ
တခြားမရှိသည်ကို လူတိုင်း နားလည် သဘော ပေါက်နိုင်သည်။
ဘုရား ပုထိုး စေတီ ကျောင်းကန်များကို ဗမာပြည်နှင့် ရခိုင်ပြည်ယှဉ်ထိုး
ကြည့်နိုင်ပါသည်။ ဘုရားစေတီ ပုထိုးများတွင် ဗမာပြည်က ဘုရားများမှာ ရွှေရောင်
ပြောင်ညီးနေသော်လည်း ရခိုင်ဘုရားများမှာ ထုံးဖြူတောင် မသုတ်နိုင်ဘဲ
ဖြစ်နေသည်။ ကျွန်ဖြစ်ရသည်မှာ လူတောင် မဟုတ်။ ဘုရားပါ ကျွန်ဖြစ်ရသည့်
သဘောမျိုး ဖြစ်နေသည်။ ပုဂံရှိ ဘုရားများအား နိုင်ငံတော်က စီမံကိန်းချပြီး
ပြုပြင် နေသော်လည်း ရခိုင်မြောက်ဦးရှိ ဘုရားများကို မပြုပြင်ဘဲ
ပစ်ထားသည်သာမက ဖြိုချ ဖျက်ဆီးနေသည်။ ပုဂံသည် ဗမာ လူမျိုးများ အတွက် အထွဋ်
အမြတ်ထားရာ နေရာ ဖြစ်သလို မြောက်ဦးသည်လည်း ရခိုင် လူမျိုးတို့ အထွဋ်
အမြတ်ထားရာနေရာ ဖြစ်သည်။ မိမိတို့က ဘိုးဘွား အမွေအနှစ်မို့ ပုဂံကို
ချစ်မြတ်နိုး သလို တခြား လူမျိုးတို့ အနေဖြင့် သူတို့ ဘိုးဘွားပိုင် အမွေ
အနှစ်များကို ချစ်မြတ်နိုးကြမည်ကို လက်ခံ အသိအမှတ် ပြုရန်လိုသည်။ ယခုကား
အုပ်ချုပ်သူ ဗမာများက မိမိတို့ အမွေအနှစ်များမှ တကယ့် အမွေအနှစ် အစစ်၊
တခြား လူမျိုးများ၏ အမွေအနှစ်ကိုကား တန်ဖိုးထား မလေးစားကြ။ ထိုကဲ့သို့
စိတ်ဓါတ်များ ဗမာ အုပ်ချုပ်သူများတွင် ကိန်းအောင်းနေသမျှ တခြား တဘက်တွင်
မိမိလူမျိုးမှ မိမိလူမျိုး ဆိုသည့် ကျဉ်းမြောင်းသော စိတ်ဓါတ်များ
ရှင်သန်နေမည်သာ ဖြစ်သည်။
ဗမာ အုပ်ချုပ်သူများ အနေဖြင့် ပြည်ထောင်စုကြီး ဥမကွဲ သိုက်မပျက်
ဖြစ်စေလိုပါလျှင် အားနည်းသူကို အားသာ သူက အနိုင်ကျင့်လိုသည့် စိတ်ဓါတ်
မျိုးကို ဖယ်ထုတ် ပစ်ရမည် ဖြစ်သည်။ အားနည်းသူကို အားသာသူက ဖေးမ တွဲကူ
ယူလိုသော စိတ်ဓါတ် အခြေခံကောင်းများ မွေးမြူကြရန် လိုအပ်သည်။ ပြည်နယ်များ
စိတ်ဝမ်း မကွဲပြားရအောင် ခေတ်မှီ နောက်ကျနေသော ပြည်နယ်များ ဖွံ့ဖြိုး
တိုးတက်ရေးကို ဗမာပြည်မ တိုးတက်ရေးထက် လုပ်ကိုင် ဆောင်ရွက် ပေးရမည်
ဖြစ်သည်။ ယခုကား ဗမာ အုပ်ချုပ်သူများက ချမှတ်ထားသော ပေါ်လစီက ပြောင်းပြန်
ဖြစ်နေသည်။ ပြည်မ အရင် တိုးတက်ရန် လိုသည်။ ပြည်မတိုးတက်မှ
ကျန်ပြည်နယ်များပါ လိုက်ပါ တိုးတက်မည်။ ပြည်မ တိုးတက်ရန် အရင် လုပ်ဆောင်ရန်
လိုသည့် သဘော ဖြင့် ရလာသည့် အခွင့်အရေးဟူသမျှ ဗမာများက သိမ်းကျုံးယူသည်။
စက်ရုံ အလုပ်ရုံနှင့် အဆင်မြင့် တက္ကသိုလ် ကျောင်းများ ဟူသမျှကို
ဗမာပြည်တွင် တည်ဆောက် ထားသည်။ ယခု ဗမာ အုပ်ချုပ်သူတို့မှ ပြည်နယ်များတွင်
ရေကာတာ တည်ဆောက်ပြီး ရရှိလာသော လျှပ်စစ် ဓါတ်အားကို ပြည်နယ်များတွင်
မသုံးဘဲ ဗမာပြည်သို့ ယူဆောင်သည်။ ပြည်နယ်များမှ ထွက်သော သဘာဝ သယံဇာတ
များကို နိုင်ငံခြား တိုင်းပြည်များသို့ ရောင်းချပြီး ပြည်နယ်များ
တိုးတက်ရေး အတွက် တပြားတချပ်မှ မသုံးခြင်း ဖြစ်သည်။
သို့ အတွက် ကျဉ်းမြောင်းသော လူမျိုးစွဲ ၀ါဒ ဒေသစွဲ ၀ါဒကို
ဖျောက်ဖျက်သင့်သည်ဟု ပါးစပ်က ပြောနေ၍ မရ။ မိုးဦးကျ ဖါးလို အော်နေ၍ မရ။
ကျဉ်းမြောင်းသော လူမျိုးစွဲ ၀ါဒသည် မည်သည့် အတွက်ကြောင့် ပေါ်ပေါက်လာရသလဲ။
မည်သည့် အကြောင်းအရာပေါ်တွင် အခြေခံသလဲ။ ပေါ်ပေါက်လာရသည့် အခြေခံ အကြောင်း
တရားကို အသေအချာ လေ့လာ ဆန်းစစ် သုံးသပ်ရန် လိုသည်။ သို့မှသာ
ကျဉ်းမြောင်းသော လူမျိုးစွဲ ၀ါဒကို တိုက်ဖျက်နိုင်မည် ဖြစ်သည်။
စာရေးသူ အနေဖြင် ပြောလိုသည်မှာ ကျဉ်းမြောင်းသော လူမျိုးစွဲ ၀ါဒသည်
ကျဉ်းမြောင်းသော မဟာ လူမျိုးကြီး ၀ါဒနှင့် ဒင်္ဂါးစေ့ တစ်စေ့၏ ပန်းနှင့်
ခေါင်းလို ဖြစ်သည်။ မြန်မာနိုင်ငံတွင် အင်အားများသူ၊ တိုင်းပြည်ကို
အုပ်ချုပ်ခွင့် ရသူ ဗမာများက လူမျိုးကြီး ၀ါဒ ကျင့်သုံးပြီး တခြား
လူမျိုးများ အပေါ် ဖိနှိပ် နေသမျှ တခြား အဖိနှိပ်ခံ အနှိမ်ခံ တိုင်းရင်းသား
လူမျိုးများတွင် ကျဉ်းမြောင်းသော လူမျိုးရေး ၀ါဒများ အမြင်များ ရှိနေမည်သာ
ဖြစ်သည်။ သို့ အတွက် ဦးသိန်းစိန် အနေဖြင့် ရခိုင်လူမျိုးတို့ ၏
လူမျိုးစွဲ၊ ဒေသစွဲများကို ဖျောက်ဖျက်လိုလျှင် သမ္မတကြီး ဦးသိန်းစိန်တို့
ယနေ့ လက်ကိုင် ကျင့်သုံးနေသော မဟာ ဗမာ လူမျိုးကြီး ၀ါဒကို အရင်
စွန့်လွှတ်ရန် လိုအပ်မည် ဖြစ်ပါသည်။
(ပြီး)
နိရဉ္စရာ